အမြုတေရတနာများ
မြန်မာဓလေ့စရိုက်တွေနဲ့ ယဉ်ကျေးမှုအတွေးအခေါ် တို့ရဲ့ အမြုတေရတနာများ
လူသားတွေဟာ အသိုင်းအ၀ိုင်းအဖွဲ့အစည်းနဲ့ နေထိုင်လေ့ရှိကြတာက သဘာဝတရားတစ်ခုပါ။ လောကကြီးရဲ့ သဘာဝကိုက စုပေါင်းနေထိုင်မှုအပေါ်မှာ အခြေခံပြီးထားတာကိုး။ ဒီလိုစုပေါင်းနေထိုင်ရာမှာလည်း ဘာသာစကားတူ၊ ယုံကြည်မှုတူ၊ ဓလေ့စရိုက်တူရာကိုလိုက်ပြီး အစုအသင်းဖွဲ့နေတတ်ကြပါတယ်။ ဒါကြောင့် လူ့လောကကြီးမှာ လူမျိုးအသီးသီး ကွဲပြားလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးနွယ်စုပေါင်း အများကြီးရှိတဲ့အထဲမှာ မြန်မာလူမျိုးတွေလည်း အပါအ၀င်ဖြစ်ပါတယ်။ ဒါပေမယ့် တခြားလူမျိုးအနွယ်စုတွေနဲ့ နှိုင်းရင်မြန်မာအနွယ်စုတွေဟာ အနည်းစုသာဖြစ်ပါတယ်။ လူမျိုးနွယ်စုအနေနဲ့ နည်းပေမယ့် မြန်မာတွေဟာ ကိုယ်ပိုင် ဘာသာစကား စာပေနဲ့ ယဉ်ကျေးမှုတွေနဲ့ ကမ္ဘာပေါ်မှာ တခမ်းတနား ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်။ ဒီလိုရပ်တည်နေနိုင်တဲ့ အဓိက သော့ချက်ကတော့ အနုစာပေဘာသာစကားနဲ့ တခြားယဉ်ကျေးမှု အထောက်အထားတွေပဲ အခိုင်အမာ မှတ်တမ်းကျန်ခဲ့တာ မဟုတ်ဘဲ လူ့ဘောင်အဖွဲ့အစည်းအတွက် ပဓာနကျလှတဲ့ ဥပဒေစည်းကမ်းဆိုင်ရာ လျှောက်ထုံးဖြတ်ထုံးကျမ်းတွေကိုလည်း ခေတ်အဆက်ဆက်က ပြုစုထိန်းသိမ်းခဲ့ကြလို့ဖြစ်ပါတယ်။ ကမ္ဘာ့လူမျိုးအသီးသီးမှာ မိမိရဲ့ ဆိုင်ရာ စာပေယဉ်ကျေးမှု၊ လူမှုဓလေ့တွေ အရှည်တည်တံ့စေဖို့အတွက် သက်ဆိုင်ရာ ဓလေ့ဘာသာထုံးစံအလိုက် သင့်တော်တဲ့ `တရားဥပဒေစည်းကမ်း´ တွေ ရေးဆွဲထားခဲ့ကြပါတယ်။ မြန်မာလူမျိုးတွေမှာလည်း မိမိတို့ ဘာသာဓလေ့ထုံးစံအလိုက် သင့်တော်တဲ့ တရားဥပဒေစည်းကမ်းတွေ ရေးဆွဲထားခဲ့တာကို တွေ့ရပါတယ်။ မြန်မာလူမှုစည်းကမ်းထိန်းသိမ်းရာမှာ အရေးပါတဲ့ လက်နက်တစ်ခုကို ညွှန်ပြဆိုရင်တော့ မြန်မာ့ဓမ္မသတ်ကျမ်းအခေါ် လျှောက်ထုံးဖြတ်ထုံးတွေကို ညွှန်ပြရမှာပါ။ ဒီမြန်မာ့ ဓမ္မသတ်ကျမ်း လျှောက်ထုံး ဖြတ်ထုံးတွေကို လေ့လာကြည့်ရင် မြန်မာတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ အတွေးအခေါ်စတဲ့ မြန်မာမှုအစုံစုံကို သိရှိနိုင်ပါတယ်။
မြန်မာစကား `လျှောက်ထုံး´ဆိုတာရဲ့ သဘောကတော့ ရှေးမြန်မာမင်းတွေလက်ထက်က ပညာရှိအမတ်ကြီးတွေနဲ့ တိုင်ပင်လေ့ရှိကြပါတယ်။ အဲဒီအခါ ပညာရှိအမတ်ကြီးတွေက ထုံးပုံသာဓကတွေနဲ့ လျှောက်ထားလေ့ရှိကြပါတယ်။ ဒါကို လျှောက်ထုံးလို့ ခေါ်ပြီး ဒီလျှောက်ထုံးတွေကို ၀န်ထောက်တွေ၊ စာရေးတော်တွေက မှတ်သားရပါတယ်။ ရွှေတိုက်တော်မှာ ဒါတွေကို ကြားနာကြတဲ့ မှူးမတ်တွေကလည်း မှတ်သားပြီး အဆင့်ဆင့် ပြောကြားလေ့ရှိပါတယ်။ ဒီလျှောက်ထုံးတွေဟာ ဖြတ်ထုံးတွေနဲ့ ခြားနားပါတယ်။ ဖြတ်ထုံးဆိုတာကတော့ ဓမ္မသတ်ကျမ်းကို မှီးပြီး စီရင်ချက်ချပုံ အမှုသွား အမှုလာ အမှုသည် အမှုနဲ့ အမှုဖြစ်တဲ့နေရာ၊ အချိန် စတာတွေကို မှတ်တမ်းတင်ထားတဲ့ ကျမ်းပါ။ လျှောက်ထုံး၊ ဖြတ်ထုံးတွေဟာ သဘောတရားချင်း ဒီလိုခြားနားပေမယ့် မြန်မာ့လူမှု အထောက်အထားတွေအဖြစ် အကျိုးရှိပြီး အသုံးဝင်ပုံခြင်းကတော့ တူညီလှပါတယ်။
လျှောက်ထုံးတွေထဲက အဟောင်းဆုံးလျှောက်ထုံးလို့ သတ်မှတ်ထားကြတဲ့ ကုန်းဘောင်ခေတ် ရှင်စန္ဒလင်္ကာရရေးသားတဲ့ မဏိရတနာပုံကျမ်းခေါ် ဘိုးရာဇာလျှောက်ထုံးမှာဆိုရင် မြန်မာတို့ရဲ့ ဓလေ့ထုံးစံတစ်ခုဖြစ်တဲ့ သားသမီးကျင့်ဝတ်ငါးပါးနဲ့ သားကောင်းသမီးကောင်းဖြစ်ကြစေဖို့ ဆရာတော် ရှင်စန္ဒလင်္ကာရက တင်ပြထားတာကို တွေ့ရပါတယ်။ ဒီလိုတင်ပြတဲ့အခါမှာ လျှောက်ထုံးကို ဖတ်မိသူတွေ လိုက်နာချင်ဖွယ် ဖြစ်လာစေဖို့…
`လူတို့သည် မိကောင်းဖကောင်းသားသမီးကား ဖြစ်လွယ်၏။ သားကောင်း သမီးကောင်း မိဘတို့မူကား အလွန်ပင်ဖြစ်ခဲသည် မဟုတ်တုံလေဟု ဘိုးရာဇာအား ဘုရင်မင်းခေါင်က မေးတော်မူ၏။ ဘိုးရာဇာက ဟုတ်မှန်ကြောင်း ပြောဆိုပြီးသော် သားကောင်း သမီးကောင်းကို ရှင်းလင်းလျှောက်ထားသည်။ သားကောင်းသမီးကောင်းဟု ဆိုထိုက်ရန် သားသမီးကျင့်ဝတ်ငါးပါးဖြင့် ညီရန်လို၏။ ထိုငါးပါးမှာ မိဘတို့ကို လုပ်ကျွေးမှုပြုခြင်း၊ မိမိ၏ အမှုကိုပစ်၍ မိဘတို့၏ အမှုကို ဆောင်ရွက်ခြင်း၊ အမျိုးအနွယ်ပြန့်ပါားအောင် ဆောင်ရွက်ခြင်း၊ မိဘ၏အမွေကို ခံယူထိုက်ရန် ကျင့်ကြံခြင်း၊ မိဘတို့ ကွယ်လွန်သော် ကုသိုလ်ကောင်းမှုပြု၍ မိဘတို့အား အမျှပေးဝေခြင်းဖြစ်သည်။´ လို့ ဖော်ပြထားပြီး ကျေးဇူးသိတတ်စေဖို့ ဘုရားလောင်း ရတနာပစ္စောတ မင်းသားက မယ်တော်ရဲ့ အသက်အတွက် မိမိရဲ့အသက်ကိုစွန့်ပြီး ဘီလူးရန်က ကာကွယ်ခဲ့ပုံအဖြစ်အပျက်လေးနဲ့ ထပ်မံပြီး သာဓကဆောင်ဖော်ပြခဲ့ပါတယ်။ ဒီခေတ်အနေနဲ့ ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်၊ ကိုယ့်မိသားစုအရေးအတွက် လှုပ်ရှားရုန်းကန်နေကြရလို့ အမေ့မေ့ အလျော့လျော့ အဖြစ်ခံနေကြရတဲ့ ကိုယ့်မိဘတွေရဲ့ နေရာအတွက် သတိပြုမိစရာလေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သားကောင်း သမီးကောင်းဖြစ်ဖို့ မိဘကျေးဇူးသိတတ်ဖို့ အလေးအနက်ထားတတ်တာဟာ မြန်မာတွေရဲ့ အဓိကကျတဲ့ လူမှုဓလေ့တစ်ရပ်ဆိုတာကို သိနိုင်ပါတယ်။ မြန်မာတွေဟာ ရှေးရိုးယဉ်ကျေးမှုကို ခင်တွယ်တတ်ကြပါတယ်။ တစ်ခါတစ်ရံမှာ အယူသီးအစွဲအလမ်းကြီးတတ်တဲ့ သဘော ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။ ကိုင်းစားမနုရာဇာ လျှောက်ထုံးခေါ် မဟာရာဇသတ်ကြီးမှာ ဒီနေ့အထိ တွေ့နေရသေးတဲ့ နတ်ထိန်း၊ နတ်ရိုးစတင်ပေါ်လာရပုံကို-
`သေလည်ကြောင် ဘုရင်မင်းမြတ်သည် မောင်တင့်တယ်နတ်မောင်နှမကို ပုပ္ပါားတောင်မှာ နတ်ကွန်း၊ နတ်နန်းဆောက်လုပ်တည်ထား ကိုးကွယ်သည်။ မောင်တင့်တယ်နတ်မှာ ဘုရင်မင်းမြတ်နှင့် စကားစမြည်ဆိုလေ့ရှိသည်။ တစ်ခါသော် မိဖုရားကိုယ်လုပ်မောင်းမတို့ကလည်း နတ်မင်းကို တွေ့မြင်လိုသည်ဟု တောင်းပန်ကြသည်။ တွေ့ခွင့်ရလျှင် ကန္နား ၄တိုင်ဆောက်၍ ဗိတာန်ကြက်ပြီးလျှင် ကြေးလင်ပန်းကို ရေအပြည့်ထည့်၍ ထား၏။ လင်ပန်းဖလားများကို တီးသူတီးလျက် နေကြ၏။ လက်ခုပ်တီးသူကလည်း တီးနေကြရ၏။ အလုံးစုံ စီရင်ပြီး၍ မင်းမိဖုရားမောင်းမမိဿံတို့ ကန္နားတွင်း ၀င်ကြ သော် နတ်မင်းကိုယ်ထင်ပြ၍ မိန်းမောတွေဝေ လန့်ဖျပ်ကြကုန်၏။ ကြေးလင်ပန်းထဲမှ နတ်ရေစင်နှင့် ဖျန်းမှ အမူးအဝေပြေကြလေ၏။ ထိုအခါမှစ၍ နတ်ဝင်၊ နတ်ထိန်းရိုး ပေါ်သည်။´
ဆိုပြီး စိတ်ဝင်စားဖွယ် မှတ်တမ်းတင်ထားပါတယ်။ ဒါက မျက်မြင်ကိုယ်တွေ့မဟုတ်။ ပါးစပ်ရာဇ၀င်လောက်သာ ဖြစ်ခဲ့ဟန်တူပေမယ့် အခုလို မဟာမှတ်တမ်းတင်ခဲ့တာကိုက မြန်မာတွေရဲ့ အရိုးစွဲနေတဲ့ နတ်ကိုးကွယ် ယုံကြည်မှုတစ်ခုလို့ ဆိုရမှာပါ။ ရှေးရိုးရာကို ခင်မင်မြတ်နိုးပြီး ရိုးသားလှတဲ့ မြန်မာလူမျိုးတွေဟာ အစွဲအလမ်းကြီးရုံသာမက အဲဒီအစွဲအလမ်းကြီးမှုကနေ အယူသီးတဲ့အဖြစ်ထိ ရောက်ရှိခဲ့ကြတာကို တွေ့ကြရမှာပါ။ ဒီနေ့ခေတ်အထိလည်း နတ်နန်းတွေမှာ နတ်ထိန်း၊ နတ်ထိန်းဆိုတာတွေ မရှိမဖြစ် တွေ့နိုင်ပါတယ်။
ဒါ့အပြင် ရှေးမြန်မာတွေဟာ စိတ်သဘောထား နူးညံ့သိမ်မွေ့ဖြူစင်သူတွေလည်း ဖြစ်ကြပါတယ်။ ကိုယ်နှုတ်နှလုံးကံသုံးပါးကို ဗုဒ္ဓဘာသာဝင်တွေပီပီ အထူးစောင့်ထိန်းခဲ့ကြပါတယ်။ ၀စီကံဆိုတဲ့ နှုတ်ထွက်ကြမ်းမှုကိုလည်း အထူးရှောင်ရှားကြပါတယ်။ ကိုယ်တိုင်ထိန်းသိမ်းကြသလို တစ်ပါးသူတွေကိုလည်း ထိန်းသိမ်းစေလိုကြပါတယ်။ နှုတ်လွန်မှုနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်ပြီး ရုံးပြင်ကန္နားရောက်တဲ့အထိလည်း ဖြစ်ခဲ့ကြပါတယ်။ ရန္ဒမိတ်ကျော်ထင် ဘွဲ့ခံ ဦးမှိုင်းရဲ့ `ရေစကြိုခုံတော်ဖြတ်ထုံး´ မှာ နှုတ်လွန်မှု တရားဖြတ်ထုံးတွေကို အများကြီးတွေ့ရပါတယ်။ ဒီနှုတ်လွန်မှုတွေမှာလည်း အခုခေတ်သုံးနှုန်းပြောဆိုနေကြတဲ့ မောင်နှမချင်း၊ သားအဖချင်းတောင် ကြားလို့မတော်တဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားမျိုး၊ အဆဲမျိုးတွေ မဟုတ်သေးပါဘူး။ နားဝင်ယဉ်ယဉ်နဲ့ အနက်နှစ်မျိုးထွက်တဲ့ စကားတွေသာ ဖြစ်ပါတယ်။ ရေစကြိုခုံတော် ဖြတ်ထုံး နှုတ်လွန်မှု တရားတစ်ခုမှာ-
`မညိုဆိုသူက မိမိ၏ ပထမခင်ပွန်းနှမဖြစ်သူ မလှက ဒိန်နက်သဲဆင်းမ ဟု ဆိုသည်။ တိ တီတစ်လုံးတက်မြဲကို နှစ်လုံးတက်သဖြင့် ဗေဒင်အရ ဒိန်နက်သဲဆင်း သည်ဟု ပြောရိုးဖြစ်သည်။ ထိုနည်းတူ မိမိကိုလည်း တစ်လင်မှနှစ်လင် အမြန်သင့်နေသည် ဟု ဆိုခြင်းဖြစ်၍ မခံနိုင်ကြောင်း ရေစကြိုခုံတော်သို့ လျှောက်ထားလာသည်။ စီရင်ရာတွင် ဒိန်နက်သဲဆင်း ဟုဆိုသူ မလှမှာ ဗေဒင်စကားကျွမ်းသူ မဟုတ်၍ အပြစ်ဒဏ်စီရင်ရန်မသင့်။ စကားဆိုရာတွင် ပရိယာယ်(လှည့်ပတ်၍ပြောဆိုခြင်း) နိမိတ် (အကြောင်းကိုကောက်၍ဆိုခြင်း) သြဘာသ (အရိပ်ပြ၍ ဆိုခြင်း) တိုက်ရိုက်ဆိုခြင်းဟု လေးမျိုးရှိသည်။ မလှဆိုသောစကားမှာ ပထမ ၃မျိုးတွင်သာ အကျုံးဝင်သဖြင့် တရားလ္ဘက်ကျနသမျှ ခံ၍ ပြေငြိမ်းစေရန် ခုံတော်က စီရင်သည်´ဆိုပြီး တွေ့ရှိရပါတယ်။ ဒီခေတ်အနေနဲ့တော့ ထူးခြားဆန်းပြားတဲ့ အမှုတစ်ခုပေါ့။
ဒါ့အပြင် အမျိုးသမီး အချင်းချင်း တစ်ဦးကိုတစ်ဦးက သန္ဓေဖျက်မလို့ ခေါ်ဝေါ်မှု၊ အမည်ဖျက်ပြီး ခေါ်ဝေါ်မှု စတာတွေမှာလည်း မြန်မာတွေရဲ့နှုတ်ကို ဘယ်လောက် ထိန်းသိမ်းတတ်ကြပုံကို တွေ့နိုင်ပါသေးတယ်။ နှုတ်မှုစောင့်စည်းရာမှာ အတုယူဖွယ်၊ နှစ်သက်ဖွယ် ရှေးမြန်မာဓလေ့လေးတွေကို မြင်တွေ့နိုင်ပါတယ်။ တစ်ဦးကိုတစ်ဦး အသရေ ညစ်နွမ်းစေတယ်လို့ ယူဆတဲ့ ဒိန်နက်သဲဆင်းမ လို့ အရိပ်အမြွက်စကားလောက် ဆိုခံရတာကို မနှစ်သက်ကြသလို သန္ဓေဖျက်မ၊ ပုံသား။ (အဖစွဲရာမရှိသော သားသမီး)၊ ပါးပုတ်မည် စတဲ့ တိုက်ရိုက်ဆိုတဲ့ အမှုတွေမှာတော့ တရားရုံးတော်ကတောင် ချမ်းသာမပေးဘဲ ဒဏ်တပ်လေ့ရှိခဲ့ပါတယ်။ အမည်နာမကိုလည်း ပီပီသသ ခေါ်ဆိုရမြဲ ဖြစ်ကြောင်း၊ အလေးအနက်ထားခဲ့ကြကြောင်း အမှုလေးတစ်ခုကို ကြည့်ရင် သိနိုင်ပါတယ်။ မြန်မာတွေဟာ မိမိတို့ရဲ့ အမည်နာမကို မပီမသ အပျက်သဘောနဲ့ ပြောဆိုဆက်ဆံတာမျိုးကို စက်ဆုပ်တတ်ကြပါတယ်။ ဒါပေမယ့် `ငငှက်´ ကို `ငငက်´ ခေါ်လို့ တရားစွဲခံရတဲ့ အမှုမှာတော့ ရှေးမြန်မာတို့ရဲ့ တရားစီရင်မှု ဆင်ခြင်တုံတရားကို တွေ့မြင်နိုင်ပါတယ်။ အမည်နာမကို အပျက်သဘောခေါ်တာလား ဒါမှမဟုတ် ပီသအောင် မရွတ်ဆိုနိုင်လို့ ခေါ်မိခြင်းလားဆိုတာကို ရုံးတော်က အသေအချာ စစ်ဆေးခဲ့ကြပါတယ်။ ဒီလို `ငငက်´လို့ ခေါ်မှုမှာ ခေါ်သူ ငပေါယ်ဟာ ရှမ်းအမျိုးသား ဖြစ်ပါတယ်။ ရှမ်းအမျိုးသားတွေဟာ ဟ,ထိုးသံကို ပီသအောင် ရွတ်ဆိုနိုင်သူ နည်းပါးတဲ့အတွက် အမှုမဖွင့်သာပါလို့ စစ်ဆေးပြီး စီရင်ချက်ချမှတ်လိုက်ပါတယ်။ ဒီနှုတ်လွန်မှုတွေကို ကြည့်ရင် ရှေးမြန်မာတွေဟာ နှုတ်မှုကို ဘယ်လောက် အလေးအနက်ထားခဲ့ကြပြီး တဖက်သာိးု ထိကပါးရိကပါး မခံချင်အောင် ပြောဆိုမှုတွေက ရှောင်ကြဉ်ကြအောင် ဒီလိုဖြတ်ထုံး စီရင်ချက်တွေနဲ့ အကာအကွယ်ပေးထားကြတာက အံ့သြစရာ၊ ချီးကျူးစရာပါ။ တစ်ဦးနဲ့တစ်ဦး မပြေလည်လို့ ခုံရုံးကိုရောက်လာရင်လည်း ခုံသူကြီးတွေဟာ လူ့စရိုက်ဓလေ့သဘာဝတွေကို သေသေချာချာ ဆင်ခြင်လေ့လာပြီးမှ ဆုံးဖြတ်တတ်ကြပုံကိုလည်း တွေ့ရှိရပါတယ်။
မြန်မာတွေဟာ အသိုင်းအ၀ိုင်းနဲ့ နေတတ်ကြသူတွေပီပီ လူမှုစည်းကမ်းတွေကိုလည်း နားလည်ကြပါတယ်။ လူမှုဝတ္တရားတွေကိုလည်း နားလည်ထားကြရပါတယ်။ နားမလည်သူ လူမှုစည်းကမ်းချိုးဖောက်တဲ့ သူတွေကိုလည်း ဓမ္မသတ်က ခွင့်မပြုပါဘူး။ ရှေးခေတ်က ကူးသန်းသွားလာရေးမှာ လှေကိုပဲ အများဆုံးအသုံးပြုခဲ့ကြရပါတယ်။ ဒါကြောင့် လှေမောင်းသူ လှေစီးတဲ့သူ နှစ်ဦးနှစ်ဖက် ထားသင့်တဲ့အချက်တွေကိုလည်း မနုကျယ်ဓမ္မသတ် ဒုတိယတွဲ `ကူးတို့ပို့တရား´ မှာ-
`ကူးတို့ပို့သော သူသည် ကူးတို့ခကို တန်ရုံသာ ဆင်ခြင်၍ ယူအပ်၏။ ကိုယ်ဝန်ရှိသော မိန်းမ၊ သီတင်းရှိသော ရဟန်း၊ ပုဏ္ဏား၊ သူနာ၊ သူဖျားတို့အား အခမပါလျှင် မူလည်း ပို့အပ်၏။ အနိုင်အထက်မပြုအပ်သတည်း´ လို့ ဖော်ပြထားတဲ့ ဓမ္မသတ်လေးဟာ ခရီးသွားလာနေကြတဲ့ အများပြည်သူလူထုတွေအတွက် အားကိုးထိုက်၊ ပြဌာန်းထိုက်တဲ့ အချက်လေးဖြစ်ပါတယ်။ လှေစီးခရီးသွားနဲ့ ကူးတို့သည်တို့ အပြန်အလှန်ထားရတဲ့ စည်းကမ်းဖြစ်ပါတယ်။ ခရီးသွားဘက်ကလည်း စည်းကမ်းကို ရိုသေရမှာဖြစ်သလို ကူးတို့သည်ကလည်း လောဘကြီးပြီး ခရီးသွားဦးရေ အဆမတန်တင်ဆောင်ခွင့် မရှိပါဘူး။ တင်လို့ အန္တရာယ်ဖြစ်ခဲ့ရင် ကူးတို့သမားတာဝန်ပဲ ဖြစ်ပါသတဲ့။ တစ်ဖက်ကလည်း ခရီးသွားတွေက ငွေနဲ့ အနိုင်အထက်ပြုပြီး ကူးတို့စည်းကမ်းကို မဖောက်သင့်၊ တစ်စုံတစ်ရာအန္တရာယ်ဖြစ်လာရင် အဲဒီလို အနိုင်အထက်ပြုသူတို့ရဲ့ တာဝန်ပဲဖြစ်ကြောင်း ထပ်မံပြဌာန်းထားပြန်ပါတယ်။ ဒါတွေဟာ ရှေးမြန်မာတို့ရဲ့ လူမှုဝတ္တရားစောင့်ထိန်းတတ်ပုံ၊ လူမှုရေးမသိတဲ့ စည်းကမ်းပျက်သူတွေကို ဥပဒေသက ခွင့်မပြုပုံတွေပဲ ဖြစ်ပါတယ်။ အတုယူဖွယ်လည်း ကောင်းလှပါတယ်။ ဒီဓမ္မသတ်စည်းမျဉ်းလေးကိုသိရမှ အခုခေတ် ဗန်းစကားလေးဖြစ်တဲ့ `ကြိမ်ခွေ´ ဆိုတာလေးကို သွားသတိရမိပါတယ်။ မန္တလေးတိုင်း သဲတော၊ ၀မ်းတွင်းတစ်ဝိုက်မှာ ခေတ်စားအသုံးတွင် နေတဲ့ ဒီဗန်းစကားလေးရဲ့အဓိပ္ပာယ်က `ဖောင်ကွပ်= ဖွတ်ကောင်= ဘာမှအသုံးမကျသူ အသုံးမ၀င်သူ´ ရယ်လို့ အဓိပ္ပာယ်ရှိပါတယ်။ ဒီစကားလုံးဟာ မိတ္ထီလာ- ၀မ်းတွင်း- မန္တလေး ပြေးဆွဲနေတဲ့ အဝေးပြေးကားက ကားစပယ်ယာတွေ ကားမောင်းသူတွေ လောကက ပေါ်လာတာလို့ သိရပါတယ်။ သူတို့ညွှန်းဆိုလိုတဲ့ `အသုံးမကျတဲ့သူ´ ဆိုတာက ကားလမ်းပေါ်မှာ ကျောင်းဆင်းချိန်အိမ်အပြန်မှာ လမ်းကနေ လက်တားပြီး အကြုံလိုက်စီးကြမယ့် ရွာနီးချုပ်စပ်က ကျောင်းဆရာ/ ဆရာမတွေကို ညွှန်းခြင်းဖြစ်ပါတယ်။ ကားဆရာတွေ၊ စပယ်ရာတွေက အဲဒီလို လမ်းကြုံလိုက်စီးတဲ့ ဆရာ ဆရာမတွေကို အခကြေးငွေ မယူရဆိုတဲ့ စည်းမျဥ်းရှိပေမယ့် ဒီခေတ်ရဲ့ ဓာတ်ဆီဈေးနှုန်းအရ အခုလို အလကားမတ်တင်း ခရီးသည်တွေကို တင်ဆောင်ပေးရတာဟာ မကိုက်တာကြောင့် ပို့ဆောင်မပေးလိုကြတာပါ။ စကားလုံးဆင့်ပွားဖြစ်ပေါ်လာပုံ လေးကတော့ `ကြိမ်ခွေ´ ဆိုတာက သစ်ဖောင်ဖွဲ့တဲ့ အခါမှ ပြုတ်ထွက်မသွားရလေအောင် သစ်တစ်ခုနဲ့တစ်ခု ကို ပူးကပ်ပြီး ဖောင်အကွပ်အဖြစ် သုံးတဲ့အရာပါ။ ဒီတော့ ကြိမ်ခွေ- ဖောင်ကွပ် (ဒီစကားလုံးလေးကို စကားလိမ်ပြုလိုက်တော့) ဖွတ်ကောင် ဖြစ်လာရတာပါ။ ရှေးက အလေးအနက်ထား လိုက်နာခဲ့ကြတဲ့ ဥပဒေစည်းမျဉ်းတစ်ခုဟာ သူ့ခေတ်သူ့အချိန်အခါအရ ဒီစည်းမျဥ်းလေးဟာ လိုက်နာစရာကနေ လိုက်နာတဲ့သူတွေအတွက် နစ်နာစရာအဖြစ်ကို ပြောင်းလဲသွားခဲ့ရတာကလည်း သင်္ခါရသဘောတရားပေပဲလား။
ဒါ့အပြင် မိမိရဲ့ ကျွန်ဖြစ်ခဲ့ဖူးပေမယ့် ကံကောင်းအကြောင်းလှလို့ ကျွန်အဖြစ်က ကျွတ်လွတ်သွားပြီး ချမ်းသာသွားတဲ့ သူကို ပြန်ဆုံတွေ့ရရင် `ငါ့ကျွန်ဖြစ်ဘူးသည်´ ဟု မဆိုအပ်ကြောင်း၊ အဲဒီလို ပြောဆိုလာရင် လူပုံအလယ်မှာ တစ်ဖက်သားကို အရှက်ရစေလို့ မင်းဒဏ်သင့်စေကြောင်း စတာတွေကိုလည်း မနုကျယ်ဓမ္မသတ်ကျမ်းမှာ တွေ့ရှိရပါသေးတယ်။ လူလူချင်း စာနာစိတ်ထားတတ်စေဖို့ ထိန်းကွပ်ထားတဲ့ မြန်မာ့လူ့ဘောင်ဓလေ့ တစ်ရပ်လည်း ဖြစ်ပါတယ်။
နောက်ပြီး မြန်မာအမျိုးသမီး ထုအတွက်ကိုလည်း အရွယ်မရောက်သေးတဲ့ ကညာ၊ မျက်စိနှစ်ဖက်ကန်းနေတဲ့ ကညာ၊ ရူးသွပ်နေတဲ့ကညာ၊ အရွယ်လွန်ပြီးတဲ့ကညာ၊ ဒီကညာလေးဖော်ကိုလည်း မပြစ်မှားထိုက်တဲ့အကြောင်း၊ ကာအိနြေ္ဒကို မပျက်ပြားစေသင့်ကြောင်း၊ မပြစ်မှားထိုက်တဲ့ ကညာတွေအနက် မျက်စိကန်းနေသူနဲ့ ရူးသွပ်နေတဲ့သူတွေကို သူတို့ဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ကျူးလွန်သူတွေဟာ ကြီးမားတဲ့ အပြစ်ဒဏ်သင့်စေမှာ ဖြစ်ကြောင်း၊ ဒါတင်မကပါဘူး၊ ကိုယ်ဖိုးလျော်ကြေးငွေကိုလည်း ပေးလျော်ရမှာဖြစ်တဲ့အပြင် သန္ဓေရှိရင်လည်း မိခင်ရော ကလေးအတွက်ကိုပါ တာဝန်ယူရမှာ ဖြစ်ကြောင်း ပြဌာန်းတားမြစ်ထားပါသေးတယ်။ မြန်မာမိန်းမပျိုလေးတွေရဲ့ ဘ၀လုံခြုံရေးအတွက် ရှေးမြန်မာဥပဒေပညာရှင်တွေဟာ လျှောက်ထုံးတွေနဲ့ အသိပညာပေးခဲ့ကြပြီး ဓမ္မသတ်တွေနဲ့ မဖျက်ဆီးမစော်ကားဝံ့အောင် ခြောက်လှန့်တားမြစ်ခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်။
ဒီတော့ ဒီလျှောက်ထုံး ဖြတ်ထုံး ဓမ္မသတ်တွေက အမှုဖြစ်ပုံ စီရင်ပုံ မင်းအား လျှောက်ထားပုံ စတာတွေကို ကြည့်ရင် မြန်မာလူမျိုးတွေရဲ့ တာဝန်သိတတ်မှုနဲ့ ဓလေ့စရိုက်တွေ၊ ရိုးရာယုံကြည်မှုနဲ့ ယဉ်ကျေးမှု အတွေးအခေါ်စတဲ့ အမြုတေရတနာတွေအဖြစ် တွေ့မြင်လေ့လာနိုင်ပါတယ်။ ဒီစီရင်ထုံး အချက်အလက်တွေကို ကြည့်ပြီး ခေတ်နဲ့ လျော်ညီသလို ပြင်ဆင်၊ ဖြည့်စွက်သင့်တာတွေကို ဖြည့်စွက်ပြင်ဆင်နိုင်ကြ၊ အတုယူစရာရှိရင်ယူ၊ ရှောင်စရာရှိရင် ရှောင်ရှားနိုင်ကြပါတယ်။ ဒီကျမ်းတွေရဲ့ အဓိကအကျိုးကတော့ တိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူပြည်သားတွေရဲ့ လုံခြုံရေးအခွင့်အရေးနဲ့ အချင်းချင်း ပဋိပက္ခမဖြစ်ပွားရေးက အဓိက ဖြစ်တာကို တွေ့ကြရပါတယ်။ ဒါကြောင့်လည်း မြန်မာလျှောက်ထုံး ဖြတ်ထုံးကျမ်းတွေဟာ မြန်မာဓလေ့စရိုက်နဲ့ ယဉ်ကျေးမှု အတွေးအခေါ်တို့ရဲ့ အမြုတေရတနာတွေလို့ပဲ ဆိုချင်ပါတော့တယ်။
ဖြူဖြူဝင်း (မြန်မာစာ)
ကျမ်းကိုး
-မဏိရတနာပုံကျမ်းခေါ် ဘိုးရာဇာလျှောက်ထုံး (ရှင်စန္ဒလင်္ကာရ)
-ကိုင်းစားမနုရာဇ လျှောက်ထုံးခေါ် မဟာရာဇသတ်ကြီး
-ရေစကြိုခုံတော် ဖြတ်ထုံး (ရန္တမိတ်ကျော်ထင်)
-မနုကျယ်ဓမ္မသတ်(ဒုတိယတွဲ)
ရနံ့သစ်မဂ္ဂဇင်း (၂၀၁၀၊ အောက်တိုဘာလ)
Labels:
Article
Bilingual Language Centre (Teaching Burmese to non-Burmese)
- Language Instructor:
- Dr.Phyu Phyu Win
Linguistics ., Diploma in English ]
Levels: Basic, Intermediate & Advanced
* Private lessons & group lessons
* Flexible scheduling
* Comfortable learning place
* Listening Burmese through songs
* Free Burmese movie showings followed by
discussion with Burmese
* Other Burmese cultural & sophisticated
programs
• No. 7,Ground Floor,
• Thu-kha-main Street [ at the back of Myaynigone City Mart]
• Myaynigone, San Chaung, Yangon
Mobile: 09- 500 6431 email: nyalinphyu@gmail.com
Labels:
Greeting
မြန်မာ အင်္ဂလိပ် နှစ်ဘာသာအတွက် Bilingual Language Centre
![]() |
| အလင်းတန်းဂျာနယ် အမှတ် ၆၇၉ မှ ကူးယူဖော်ပြသည်။ |
မြန်မာစာ မြန်မာစကားကို လေ့လာသင်ယူလိုတဲ့ ပြည်ပနိုင်ငံသားများ အတွက်
- Basic,
- Intermediate,
- Advance ဆိုပြီး သင်တန်းများ ခွဲခြားသင်ကြားပေးနေပါတယ်။
သင်ကြားတဲ့နေရာမှာ
- တစ်ဦးချင်းသင်တန်း၊
- Level တူ အုပ်စုလိုက်သင်တန်းများ ဆိုပြီး သင်ကြားပို့ချပေးနေတာဖြစ်ပါတယ်။
အင်္ဂလိပ်စာ အင်္ဂလိပ်စကားကို လေ့လာသင်ယူလိုတဲ့
- မြန်မာကျောင်းသားများအတွက်လည်း အင်္ဂလိပ်စာ Grammar သင်တန်းများ
- မိမိရင်သွေးငယ်နဲ့အတူ အင်္ဂလိပ်စကားပြော လေ့ကျင့်လိုတဲ့ မိခင်များအတွက် အင်္ဂလိပ်စကားပြောသင်တန်းများ
- မြန်မာ Celebrities များအတွက်လည်း တစ်ဦးချင်းအထူး အင်္ဂလိပ်စကားပြောသင်တန်းများ ဖွင့်လှစ်ထားပါတယ်။
မြန်မာစာသင်တန်းသားများအတွက်
- မြန်မာဘာသာစကား
- ၀တ္ထုတို
- ယဉ်ကျေးမှုဆိုင်ရာ စာအုပ်များကို ဤစင်တာရဲ့ Mini Library မှာ အခမဲ့ဖတ်ရှုလေ့လာခွင့် ပေးထားပါတယ်။
- GCE O Level မြန်မာစာ ဖြေဆိုလိုတဲ့ အထက်တန်းအဆင့် ကလေးများအတွက် မြန်မာစာ အထူးသင်တန်း
- သင်တန်းအားလုံးက သင်တန်းသား သင်တန်းသူများ အားလုံးအတွက်လည်း အင်္ဂလိပ်၊ မြန်မာစာအုပ်များကို အခမဲ့ဖတ်ရှုခွင့် ပေးထားမှာဖြစ်ပါတယ်။
- အထူးအစီအစဉ်အနေနဲ့ နိုင်ငံခြားသားများအတွက် မြန်မာစကား၊ အပြောစွမ်းရည်နဲ့ နားထောင်နိုင်မှုအစွမ်း တိုးတက်စေဖို့အတွက် နိုဝင်ဘာ ၁၂ရက်နေ့ကစပြီး မြန်မာရုပ်ရှင် ဇာတ်ကားများကို ဤစင်တာမှာ အခမဲ့ပြသသွားမှာ ဖြစ်ပါတယ်။
စိတ်ဝင်တစား စုံစမ်းမေးမြန်းဆက်သွယ်လိုရင်တော့.....
Bilingual Language Centre
အမှတ် (၇)၊ မြေညီထပ်၊ သုခမိန်လမ်း၊ မြေနီကုန်းစီးတီးမတ် အနောက်ဖက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်းနံပါတ် - 09-5006431
ဖုန်းနံပါတ် - 09-5006431
အီးမေးလ်လိပ်စာ- nyalinphyu@gmail.com
Labels:
Greeting
GCE O Level မြန်မာစာ
ဒီနေ့ခေတ်ဟာ လက်ရှိအသုံးတွင်နေတဲ့ ဘယ်ဘာသာစကားကိုမဆို တစ်ဘာသာထက်ပိုပြီး ကျွမ်းကျွမ်း ကျင်ကျင် ပြောတတ်၊ အသုံးချတတ်ခဲ့ရင် အမိဘာသာစကားတစ်မျိုးတည်း ကိုပဲ ပြောနိုင်အသုံးချနိုင်သူ ထက် နိုင်ငံတကာ မှာ အခွင့်အလမ်းတွေ ပိုများလာပါပြီ။
ဒါကို နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မြန်မာတချို့က သတိထားမိလာကြပါပြီ။ ဒါကြောင့် ကိုယ်မွေးကတည်း က ရင်းနှီးကျွမ်းဝင်ပြောဆိုလာခဲ့တဲ့ အမိဘာသာစကားကို ကမ္ဘာသုံး အင်္ဂလိပ်စကားနှင့်အပြိုင် စာမေးပွဲ ဘာသာရပ်တစ်ခုအဖြစ် လေ့လာပြီး ကြိုးစားဖြေဆိုတဲ့သူတွေလည်း ရှိလာပါတယ်။ အထူးသဖြင့် စင်္ကာပူနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာမိသားစုတွေပါ။ ပညာရေးနဲ့ စီးပွားရေးမှာ တဟုန်ထိုးတိုးတက် ချမ်းသာလှတဲ့ စင်္ကာပူနိုင်ငံကို မြန်မာတွေ အလုံးအရင်းနဲ့ သွားရောက်အလုပ်လုပ်၊ ကျောင်းတက်၊ ပညာရှာ၊ ငွေစု လုပ်နေကြတာ ဆယ်စုနှစ် နှစ်စုစာ ကျော်ကျော်လောက်ကို ရှိနေပါပြီ။ ဒီလို ရည်ရွယ်ချက် မျိုးစုံနဲ့ သွားရောက် ငွေရှာ၊ ပညာရှာကြတဲ့ မြန်မာတွေထဲမှာ တချို့ဆိုရင် ဟိုမှာပဲ အခြေတကျဖြစ် ကလေးတွေကအစ ဟိုမှာပဲကြီးပြင်းပြီး ဟိုက ပညာရေးစနစ်နဲ့ပဲ သင်ယူတတ်မြောက် လာခဲ့ကြတာတွေက လည်း ဒုနဲ့ဒေးပေါ့။
ဒီလိုမိသားစုတွေထဲက ကလေးတွေဟာ စင်္ကာပူပညာရေးစနစ်အောက်မှာပဲ ကြီးပြင်းလာခဲ့ပေမယ့် တချို့အမြော် အမြင်ရှိတဲ့ မိဘတွေက အင်္ဂလန်နိုင်ငံ University of Cambridge ကနေ မေးခွန်းထုတ်စစ်ဆေး တဲ့ GCE O Level အထက်တန်းအဆင့် စာမေးပွဲကို ဖြေဆိုခိုင်းတဲ့အခါ ကိုယ့်အမိဘာသာစကား ကိုပဲ ရွေးချယ်ခိုင်းပြီး တတ်စေ ချင် ဖြစ်စေချင်တာလေးတွေလည်း ရှိလာပါ တယ်။ နိုင်ငံတကာ မှာတော့ ကျောင်းပြီးလို့ အလုပ်ခွင်ဝင် အလုပ်လျှောက်ရင် ကမ္ဘာသုံးအင်္ဂလိပ်စကားအပြင် တခြားအပို ဘာသာစကားတစ်ခု ပိုတတ်တဲ့သူက တခြားသူတွေ ထက် နှာတစ်ဖျား သာလေ့ရှိတော့ မိဘတိုင်းကလည်း ကိုယ့်အမိဘာသာစကားကို တတ်စေချင် ရွေးချယ်စေချင်ကြသလို သားသမီးတွေကလည်း ပါးနပ်စွာနဲ့ လိုလိုလားလား လေ့လာဖြေဆိုချင်ကြပါတယ်။ ဒီအတွက် University of Cambridge က GCE O Level စာမေးပွဲမှာ မြန်မာစာ မြန်မာစကားကို Paper 1 အနေနဲ့ သုံးနာရီမေးခွန်းထုတ်ပြီး စစ်မေးလေ့ရှိ ပါတယ်။
စင်္ကာပူနိုင်ငံဟာ တခြားတိုးတက်ချမ်းသာတဲ့ နိုင်ငံတွေလိုပဲ ပညာရေးမှာလည်း ဈေးကွက်ဖြန့်ပြီး စီးပွားဖြစ် လုပ်စားလာရာက အခုဆို မြန်မာနိုင်ငံပါ စင်္ကာပူပညာရေးဝန်ကြီး အသိအမှတ်ပြု သင်ရိုးတွေနဲ့ နိုင်ငံတကာ အဆင့်မီ သင်ကြာပေးပါတယ်ဆိုတဲ့ International ကျောင်းတွေတောင် ဖွင့်လာ ခေတ်စားလာတာ ကို တွေ့ကြရမှာပါ။ ဒါပေမယ့် အဲဒီကျောင်းတွေမှာ တောက်လျှောက်နေလာတဲ့ ကလေးတွေက မြန်မာစာကို အမိဘာသာစကားမို့ တတ်တယ်ဆိုရုံ အပိုသဘော သင်ယူနေကြပေမယ့် GCE O Level ဖြေကြတဲ့အခါ စင်္ကာပူက မြန်မာကလေးတွေလို မြန်မာစကာကို ဘာသာရပ်တစ်ခု အနေနဲ့ ဖြေဆိုလို့ရ တယ် ရွေးချယ်လို့ ရတယ် ဆိုတာကို သိသူ နည်းလှပါတယ်။ ဒီကကျောင်းတွေ ကလည်း တခြားဘာသာရပ်တွေ ကိုပဲ ရွေးချယ်ဖြေဆိုခိုင်းကြ၊ သင်ပေးကြပေမယ့် မြန်မာစာဘာသာရပ်ကိုတော့ ဖြေဆိုဖို့ အတွက် သင်ကြားပေးတာ ရွေးချယ်ဖြေခိုင်းတာကို မတွေ့ရပါဘူး။ သင်ကြားပေးနိုင်တဲ့ ဆရာအခက် အခဲကြောင့် လည်း ဖြစ်မှာပါ။ ဒီကျောင်းတွေကိုတက်နေတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ မိဘတွေကတော့ သိကို မသိကြတာ များပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးနဲ့ အသိပေးနှိုးဆော် လိုက်တာ ဖြစ်ပါတယ်။
GCE O Level မြန်မာစာခွန်းပုံစံဟာ ငယ်ကတည်းက ပြောဆိုလေ့လာခဲ့တဲ့ မြန်မာတွေအတွက် အထောက် အကူ ဘာသာရပ်ဖြစ်စေတဲ့အပြင် မြန်မာ-အင်္ဂလိပ် ဘာသာစကားနှစ်မျိုးစလုံးကို မှန်ကန်အချိုးညီ ဘာ သာပြန်တတ်တဲ့ အစွမ်း၊ မြန်မာစကားနဲ့ မြန်မာစာ အသုံးနှစ်မျိုးရဲ့ ကွဲပြားမှုကို သတိထားမိလာစေနိုင် တာကို တွေ့ရပါတယ်။ ဒါ့အပြင်ကိုယ့်အမိဘာသာစကားရဲ့ ဝေါဟာရကြွယ်ဝမှု၊ ဘာသာစကား တစ်ခုကနေ တစ်ခုကို ဘာသာပြန်တင်ပြတဲ့အခါမှာ တိုက်ရိုက်ဘာသာပြန်ဆို အနက်ပေးတာတွေဟာ အန္တရာယ်များပြီး တစ်ခါတရံမှာ လိုရင်းအနက်ထင်သလိုပဲ ပြန်ဆိုပေးတဲ့အခြေအနေတွေ၊ ဘာသာစကား တစ်ခုနဲ့ တစ်ခု နောက်ခံယဉ်ကျေးမှုချင်း မတူညီတာတွေ စတဲ့အရာတွေမှာလည်း ကျွမ်းကျင်လိမ္မာပါးနပ်လာ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြေဆိုဖို့ လေ့လာတဲ့သူ ဟာ နှစ်ဘာသာလုံးအတွက် အကျိုးများပြီး ကျွမ်းကျင်မှုနဲ့ အတူ လက်တွေ့အသုံးချနိုင်မှုတွေ အထိပါ ကျန်ရစ်သွားစေနိုင်မှာပါ။
University of Cambridge ကနေကျင်းပပေးတဲ့ General Certificate of Education Ordinary Level ဘာသာရပ်နံပါတ် 3294/01 Paper 1 အနေနဲ့ ဖြေလို့တဲ့ မြန်မာစာမေးခွန်းမှာ အဓိက အပိုင်းကြီး သုံးပိုင်းပဲ ပါပါတယ်။ မြန်မာလိုဆိုရင်တော့ အပိုင်း(က) Section A မှာက စာလုံးပေါင်းသတ်ပုံအပိုင်း၊ စကားလုံး သဒ္ဒါအထားအသိုပိုင်းကို စစ်ဆေးတဲ့ Composition (စာစီစာကုံးအပိုင်း) ပေါ့။ မေးခွန်းငါးခု ပေးထားတဲ့အထဲ က ဖြေဆိုသူရဲ့ စိတ်ကြိုက် နှစ်ခုကို ရွေးချယ်ဖြေဆိုခွင့် ရှိတဲ့ အပိုင်းပေါ့။ မေးခွန်းဟောင်းလေးတွေထဲက နမူနာပုံစံလေးတွေ ထုတ်နှုတ်ပြပါရစေ။
(a) Do you think war can be justified? Explain your reasons.
(b) Write a letter to someone in your family you haven't seen for a while,
telling them about your life now and future plans.
(c) Recount the events in a typical day when you were a small child.
(d) Describe the most exciting moment in your life.
(e) Compose or report a conversation between two students talking about
their favorite teacher.
မေးခွန်းလေးတွေက မြန်မာလိုလည်းရေးလို့ ဆွေးနွေးလို့ကောင်းတဲ့ အရာလေးတွေ ဆိုတာ တွေ့ကြရမှာပါ။ မြန်မာစာကို ငယ်ကတည်းက သင်လာခဲ့ကြတဲ့ မြန်မာတွေအတွက် လက်စွမ်းပြစရာ အပိုင်းပေါ့။ ဒီအပိုင်းအတွက် အမှတ်ပြည့်က ငါးဆယ်ပေးထားပါတယ်။ ကြိုက်ရာနှစ်ပုဒ် ရွေးဖြေရမှာဆိုတော့ တစ်ပုဒ်ကို ၂၅မှတ်နှုန်း ရမှာပါ။ မေးထားတဲ့ မေးခွန်းတွေအရ သူများရေးပြီးသား မြန်မာစာ စာစီစာကုံးတွေ ကို ကျေညက်နေအောင် ကျက်၊ ဖတ်ထားစရာမလိုဘဲ အလွတ်သဘော ဖြစ်တဲ့အတွက် ခေါင်းထဲပေါ်လာတဲ့ အတွေးနဲ့ အရင်က ဖတ်မှတ်လေ့လာထားခဲ့တဲ့ အချက်တွေပေါင်းပြီး စာစီစာကုံးရေးသားပေးရမယ် ဆိုတာ က အထင်းသားပါ။
အပိုင်း(ခ) Section B မှာ ကတော့ ဂန္တ၀င် မြန်မာဝတ္ထုတို စာရေးဆရာတွေရေးတဲ့ ၀တ္ထုတိုတွေထဲက အပိုင်းလေးတစ်ပိုင်းကို ထုတ်နုတ်ထားပြီး အင်္ဂလိပ်လို ဘာသာပြန်ခိုင်းတဲ့အပိုင်းပါ။ မေးခွန်းဟောင်းတွေအရ ဆရာကြီး မင်းသုဝဏ်၊ ဇော်ဂျီ၊ သိန်းဖေမြင့်စတဲ့ ရသမြောက်တဲ့ ဂန္တ၀င်မြန်မာဝတ္ထုတိုတွေကို ဘာသာပြန် ခိုင်းတာ များပါတယ်။ ဒီအပိုင်းက မြန်မာဝတ္ထုတိုကို အင်္ဂလိပ်လို ဘာသာပြန်ပေးတဲ့အပိုင်းနဲ့ အင်္ဂလိပ် လိုပေးထားတဲ့စာပိုဒ်ကို မြန်မာလို ဘာသာပြန်ပေးရတဲ့အပိုင်းဆိုပြီး နှစ်ပိုင်းပါဝင်ပြီး အင်္ဂလိပ်လို ဘာသာပြန်ပေးရတဲ့အပိုင်းကို ၁၀မှတ်နဲ့ မြန်မာလို ဘာသာပြန်ပေးရတဲ့ အပိုင်းကိုတော့ အမှတ် ၂၀ ပေးထား ပါတယ်။ ရသမြောက်တဲ့ မြန်မာဝတ္ထုတိုတွေကို နားလည်အောင်ဖတ်ပြီးမှ ဆီလျော်အောင် ဘာသာပြန်ရမှာ ဖြစ်တဲ့အတွက် ဒါကို ဖြေနိုင်ဖို့အတွက် မြန်မာ ၀တ္ထုတို တော်တော်များများကို ဖတ်ထားရပြီး အသုံးအနှုန်းထူးတာလေးတွေ၊ တင်စားစကားလေးတွေကိုလည်း သိနားလည်ထားရမယ့် အပိုင်း လည်း ဖြစ်ပါတယ်။
နောက်ဆုံးအပိုင်းဖြစ်တဲ့ Section C ကတော့ ပေးထားတဲ့ မြန်မာလို စာပိုဒ်ရှည်ကို ဖတ်ပြီး မေးခွန်းတွေကို ဖြေဆိုပေး ရမယ့် Reading Comprehension အပိုင်းပါ။ စာပိုဒ်ရှည်ဆိုရာမှာ ၀တ္ထု တိုတွေဖြစ်နိုင် သလို ဆောင်းပါး၊ သတင်းဆောင်းပါးတွေလည်း မေးလေ့ရှိပါတယ်။ မေးခွန်းငါးခုမေးပြီး ဒီအပိုင်းကို အမှတ်၂၀ ပေးတဲ့အတွက် မေးခွန်း တစ်ပုဒ်ကို လေးမှတ်နှုန်း ရရှိမှာပါ။ ၂၀၀၅ နိုဝင် ဘာ မေးခွန်းဟောင်းမှာ ဒီအပုဒ်အတွက် နုနုရည်(အင်းဝ)ရဲ့ `ထမီလေးတထည်´ကို မေးသွားပြီး ၂၀၀၇ နိုဝင် ဘာ မေးခွန်းဟောင်းမှာတော့ သိန်းဖေမြင့်ရဲ့ `ရေနံ´ကို မေးသွားဖူးပါတယ်။ တခါတရံ ဆရာကြီး လူထုစိန်ဝင်းရဲ့ ဆောင်းပါးတွေကိုလည်း မေးလေ့ရှိတာတွေ့ရပါတယ်။
ဒါကြောင့် မြန်မာစာဘာသာရပ် ကို ဖြေဆိုချင်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် စာများများ ဖြန့်ကျက်ဖတ်ထား ရမှာဖြစ်ပြီး အလွတ်ကျက်မှတ်ထားရမယ့် အပိုင်းရယ်လို့ မပါတာကို သတိထားမိပါတယ်။ မြန်မာရေးထုံး၊ သဒ္ဒါဖွဲ့စည်းပုံ၊ အသုံးအနှုန်းနဲ့ ခေတ်သုံးဝေါဟာရတွေကို သိထားရမှာဖြစ်သလို ဒါတွေကို အင်္ဂလိပ်လိုလည်း ဆီလျော်အောင် ဘာသာပြန်ဆိုပေးရမယ့် အစွမ်းလည်း ရှိထားရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီဘာသာရပ်ကို ဖြေဆိုနိုင်ဖို့ အတွက် ကျေညက်အောင် လေ့ကျင့်ထားမယ် ဆိုရင် မြန်မာ ဘာသာရော အင်္ဂလိပ်ဘာသာ ဖွဲ့စည်းပုံကိုပါ ကျွမ်းကျင်လာနိုင်ပြီး စာမေးပွဲပြီးသွားရင်လည်း လက်တွေ့အသုံးချသွားနိုင်မယ့် သဘောတွေရှိတာကို သတိထားမိပါတယ်။ အခုခေတ် နိုင်ငံတကာ ပညာရေးစနစ်နဲ့အညီ ထုတ်ထားတဲ့ မေးခွန်းပုံစံဖြစ်လို့ စာမေးပွဲ ဖြေနိုင်ဖို့ ပြဌာန်းထားတဲ့ သင်ရိုးထဲက အတိုင်း တစ်ပွဲထိုး တစ်လုံးမလွဲ အလွတ်ကျက်မှတ် ဖြေဆိုတဲ့နည်းနဲ့ အသုံးမတည့်တော့ဘဲ ဖြန့်ကျက် ဖတ် မှတ်လေ့လာ ထားတာတွေကို တီထွင်ဖန်တီးမှု၊ ဖြေဆိုသူရဲ့ အမြင်တွေနဲ့ ပေါင်းပြီး ဆွေးနွေးရေးသား ဘာသာပြန်ရမှာဖြစ်တဲ့ အတွက်လည်း နှစ်ဘာသာလုံးအတွက် နောက်ဆက်ပြီး လက်တွေ့အသုံးချနိုင်မှာ ကို တွေ့ရပါတယ်။
ဒါကြောင့် မြန်မာစာဘာသာရပ် ကို ဖြေဆိုချင်တဲ့ ကျောင်းသူကျောင်းသားတွေအတွက် စာများများ ဖြန့်ကျက်ဖတ်ထား ရမှာဖြစ်ပြီး အလွတ်ကျက်မှတ်ထားရမယ့် အပိုင်းရယ်လို့ မပါတာကို သတိထားမိပါတယ်။ မြန်မာရေးထုံး၊ သဒ္ဒါဖွဲ့စည်းပုံ၊ အသုံးအနှုန်းနဲ့ ခေတ်သုံးဝေါဟာရတွေကို သိထားရမှာဖြစ်သလို ဒါတွေကို အင်္ဂလိပ်လိုလည်း ဆီလျော်အောင် ဘာသာပြန်ဆိုပေးရမယ့် အစွမ်းလည်း ရှိထားရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီဘာသာရပ်ကို ဖြေဆိုနိုင်ဖို့ အတွက် ကျေညက်အောင် လေ့ကျင့်ထားမယ် ဆိုရင် မြန်မာ ဘာသာရော အင်္ဂလိပ်ဘာသာ ဖွဲ့စည်းပုံကိုပါ ကျွမ်းကျင်လာနိုင်ပြီး စာမေးပွဲပြီးသွားရင်လည်း လက်တွေ့အသုံးချသွားနိုင်မယ့် သဘောတွေရှိတာကို သတိထားမိပါတယ်။ အခုခေတ် နိုင်ငံတကာ ပညာရေးစနစ်နဲ့အညီ ထုတ်ထားတဲ့ မေးခွန်းပုံစံဖြစ်လို့ စာမေးပွဲ ဖြေနိုင်ဖို့ ပြဌာန်းထားတဲ့ သင်ရိုးထဲက အတိုင်း တစ်ပွဲထိုး တစ်လုံးမလွဲ အလွတ်ကျက်မှတ် ဖြေဆိုတဲ့နည်းနဲ့ အသုံးမတည့်တော့ဘဲ ဖြန့်ကျက် ဖတ် မှတ်လေ့လာ ထားတာတွေကို တီထွင်ဖန်တီးမှု၊ ဖြေဆိုသူရဲ့ အမြင်တွေနဲ့ ပေါင်းပြီး ဆွေးနွေးရေးသား ဘာသာပြန်ရမှာဖြစ်တဲ့ အတွက်လည်း နှစ်ဘာသာလုံးအတွက် နောက်ဆက်ပြီး လက်တွေ့အသုံးချနိုင်မှာ ကို တွေ့ရပါတယ်။
အချုပ်အနေနဲ့ ဖော်ပြလိုတာက GCE O Level မှာ Paper 1 အနေနဲ့ ဖြေဆိုနိုင်တဲ့ ဘာသာစကားဆိုလို့ အင်္ဂလိပ် ဘာသာစကားအပြင် ခြောက်မျိုးသာ ဖြေဆိုနိုင်တာကို တွေ့ရပါတယ်။ အဲဒီဘာသာစကားတွေ ကတော့ French, German, Japanese, Non-Tamil Indian Languages, Burmese နဲ့ Thai ဘာသာစကားတွေ ပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာစကားပြော မြန်မာလူမျိုးတွေအတွက် ကိုယ့်ဘာသာစာပေကို လက်တွေ့ အသုံး ချစရာ နိုင်ငံတကာအဆင့်မီ အရည်အချင်းစစ် စာမေးပွဲလည်းဖြစ်တာမို့ လက်တွေ့ကြိုးစား ဖြေဆိုကြည့်ကြ ဖို့ နှိုးဆော် လိုက်ရခြင်းဖြစ်ပါတယ်။
ဖြူဖြူဝင်း(မြန်မာစာ)
Ref: University of Cambridge International Examinations GCE O Level Burmese
Paper 1 October/November 2005
October/November 2007
October/November 2008
Paper 1 October/November 2005
October/November 2007
October/November 2008
Labels:
Article
Subscribe to:
Posts (Atom)




